လှသန်း ကဗျာ

လက်မရွံ ကဗျာဆရာ လှသန်း၏ ကဗျာများကို စုစည်းထားသည် ။





                                                             

ညရထား
လှသန်း

လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။

ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။

ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။

လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။

အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။

လှသန်း
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇ ခုနှစ်)


Kyer Nar Ta Kaung Yet .... - Hla Than





         ဒီပရင်္ဂ 




ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည် တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တစ်မြို့။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။    ။

ကြည်မောင်သန်း

ဇွန် ၂၁၊ ၂၀၀၈


These Days - Hla Than
These Days - Hla Than








Mi Mi Chay Than Ko .... - Hla Than                  

ကျွန်တော့်ရဲ့ တော်ရုံတန်ရုံအဓိပ္ပာယ် 

 သစ်ပင်တွေငြိမ်သက်
လေကလဲငြိမ်သက်
ငါ့မှာသာငှက်တစ်ကောင်လိုဂနာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုံ့သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့
ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေကာနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာ ပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက်ယုံတစ်ဝက်
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ
ရူးချင်ယောင်ဆောင်လို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမဲ့သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်းစာရင်းထဲက
ရုန်းမထွက်နိုင်သေး
ငါ့ရဲ့ ရွေ့ပြောင်းပုံစံ
ဘယ်နေ့များဘယ်သူ့ထံရောက်မှာလဲ
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ
တစ်နေ့ထမင်းနှစ်နပ်စားသလို
တစ်နေ့ကဗျာနှစ်ပုဒ်ဖတ်လို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ်
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ ။

ရန်ကုန်သား

ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက
ရန်ကုန်မြို့က ထွက်ပြေးတဲ့သူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
ပြည်တွင်းစစ်ဖြစ်လို့
ရန်ကုန်မြို့ကို နယ်ကရောက်လာသူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
မြို့တော်မဟုတ်တော့လို့
ရန်ကုန်မြို့ကိုစွန့်ခွာသွားကြသူတွေထဲမှာ
ငါတို့မိသားစုမပါဘူး။
တရုတ်အမျိုးသား အဘိုးအိုတစ်ယောက်က
ကျွန်တော့်ကို အဲဒီလိုပြောပြဖူးတယ်။  ။
လှသန်း
( Fashion မဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၁၁)


ကဗျာတစ်ပုဒ်ရဲ့နာရေး


သံမဏိ၊ကွန်ကရစ်
အီလက်ထရွန်းနစ်
ကွန်ပြူတာချစ်ပ်တွေနဲ့တည်ဆောက်ထားတဲ့
အမှည့်လွန်ကမ္ဘာကြီးထဲမှာ
သင့်ရဲ့အာသာငမ်းငမ်းစားသုံးမှုကဘာလဲ
သင့်ရဲ့အကြီးမားဆုံးတင်ပို့မှုကဘာလဲ

မေးခွန်းတွေကြောင့်ချော်လဲသွားနိုင်ရဲ့

ကျောင်းသား
အလုပ်သမား
နိုင်ငံရေးအကျဉ်းသား
အနုပညာစားသုံးသူ
ဘ၀ဇယားမှာအပြောင်းအလဲတွေအများကြီးရှိခဲ့ပြီ

ယုတ္တိရှိတဲ့အလဲအလှယ်တွေ
ကန့်သတ်အောင်ပွဲတွေ
စိတ်ပျက်လက်ပျက်အတည်ပြုချက်တွေ

အဂ္ဂါအယ်လင်ပိုးကနေပီမိုးနင်းအထိ
မြို့မငြိမ်းကနေကာ့တ်ကိုဘိန်းအထိ
ကိုရာဇန်အကွီနိုကနေ မီဂ၀တီဆူကာနိုအထိ
ဆက်သွယ်ကြည့်မိတဲ့မျဉ်းကြောင်းတွေ
အား… ! ညနေတောင်စောင်းသွားပြီ

ဘာမဆိုဈေးကြီးပေးဝယ်နေရတဲ့ခေတ်
နွံနစ်နေတဲ့လှည်းဘီး
ကြိုးဝိုင်းထဲပီယာနိုတီးသူ
စုံလုံးကန်းနေတဲ့ဒိုင်သူကြီးများ
ညနေစာကငါ့ကိုပြန်စားတဲ့ည
စော်ကားမှုဟာသိမ်မွေ့လွန်းတယ်

လရောင်မှာလိင်ဆွဲဆောင်မှုရှိပါသလား
တက္ကစီလှမ်းတားလိုက်လေ
စီးပွားရေးမဂ္ဂဇင်းတစ်အုပ်ထဲမှာ
“မွေ့ယာဆိုတာလည်းရင်းနှီးမြုပ်နှံမှုတစ်မျိုးပါပဲ” တဲ့

ဒါခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားမဟုတ်ဘူး
မျက်နှာမသစ်ခင်ရောက်လာတဲ့မေးခွန်းတွေအတွက်
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်းဖြစ်နိုင်ရဲ့။ ။
လှသန်း



အသည်းကွဲပြီးနောက် သတင်းစကား
Burmese Poetry Foundation


ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတစ်နေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
“ဘာကို အလိုရှိလဲ . . .”တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို. .  .
ဘယ်လိုဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီဆိုပါလား
သူတို့ဟာ ကျွန်တော့်ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။

သြော်. . . .. ဒါနဲ့
သင့်အိမ်ရဲ့ နံရံပေါ်မှာ
ပြက္ခဒိန်တစ်ခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။           ။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၀ ရနံ.သစ်



 မင်းတစ်ယောက်တည်း မဟုတ်ဘူး
Burmese Poetry Foundation


လောက ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။
တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက် ဒက္ခခံခဲ့ရသမို့
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။
နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။
လူလိုမနေရတာ ကြာတော့
လူစိတ်ကလဲ ပျောက်လုလု
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။
ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး တစ်ခုလုံးပါတယ်
ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေါ့
ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်
ဂျာကာတာက ဖင်ရှင် ကဖေးမှာလား
ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား
ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့
ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
မဝေးတော့တဲ့ နွေဦးအတွက်
စုဘူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။   ။
လှသန်း
(ကြည်မောင်သန်း အမည်ဖြင့် ရနံ့သစ် မေ ၁၉၉၇)




လက်မောင်းသွေးကိုဖောက်ကြည်.ချင်း

လက်တစ်ကမ်းမှာ
အောင်မြင်မှု သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစ်ခုရှိနေရဲ့
မိန်းမတစ်ယောက်က ကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်က မိန်းမတစ်ယောက်ကို စောင့်နေတာလား
ခြေလှမ်းတွေမှာ အပြစ်မရှိ
သိပြီးသား ကိစ္စတွေပါ
လိုAပ်နေတာက ခရက်ဒစ်ကဒ်လည်းမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီဒီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့် စေ့စပ်ကြောင်းလမ်းခြင်းတောင် မအောင်မြင်
ခက်တာက
ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံက မချိမဆန့်
ဒါပေမယ့် လိပ်ပြာသန့်ခဲ့ပါတယ်
ရထားက ဘူတာကိုလိုက်ရှာနေတာလား
ဘူတာရုံက ရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာ ခံစားချက်မရှိ
ပူပြင်းတဲ့ ခေါင်းစဉ်ကို သယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောက် ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ ဖော်မပြနိုင်
“ပြုတ်မကျစေနဲ့
ပြုတ်မကျစေနဲ့”တဲ့
ငါ့ကို ဆွဲမထားတဲ့အရာက ဘာများပါလိမ့်
ငြီးငွေ့မှုတွေက စခဲတာလား
တက်မက်မှုတွေက စခဲ့တာလား
ဒီဘ၀မှာ မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့ လောကကြီးရဲ့ ဆက်ဆံရေးပါပဲ
သွေးကြောထဲက ကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကို ငြင်းတယ်
လက်ရှိဆိုင်းပုဒ်တွေကို ငြင်းတယ်
လက်ရှိUီးထုပ်တွေကို ငြင်းတယ်
ရှင်းရှင်းလေးပါပဲအနာဂတ်ကို သင်မစဉ်းစားခဲ့ရင်
သင့်ကိုယ်လည်း အနာဂတ်က စဉ်းစားမှာမဟုတ်ဘူး။
လှသန်း

-          

လက်မောင်းသွေးကိုဖောက်ကြည်.ချင်း

ညနေစောင်း ထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့ နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကို နားထောင်တယ်
လန်ဒန်ကို နားထောင်တယ်
ရန်ကုန်ကို နားထောင်တယ်
ခုံမင်စရာကောင်းတဲ့ ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ ယုံကြည်ချက်တွေရှိနေရဲ့အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်

ဦးနှောက်ထဲက သမိုင်းအတွက်
လှိုင်းလုံးကြီးတွေ တည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးကိုလည်း ခေါင်းနဲ့ပြေးဆောင့်မိတယ်
တစ်ခါက အဆောက်အဦး သုတေသနဌာနမှာ
ငါဟာ အလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်

အဆောက်အဦးတွေရဲ့ အတွင်းရေးကို
သိသင့်သလောက်တော့ သိပါရဲ့
ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိဘဲ ဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိဘဲ ဘဏ်ဓားပြတွေရှိပါ့မလား
ဟောဒီ ကျောက်နံရံထက်မှာ
ငါ့တို့ မျိုးဆက်သစ်ရဲ့ အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာ မတန်တဆ အနစ်နာခံမှုတွေနဲ့
ကြီးမြတ်လှစွာ ရှင်သန်ထမြောက်လာမယ်
ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကို သစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့
မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယတနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း


No comments:

Post a Comment